ပျဉ်းမနား ဇွန် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်အတွင်းရှိ မြို့နယ်များသို့ အခြားဒေသ များမှ တိုက်ပွဲရှောင်ကာ လာရောက်နေထိုင်ကြသည့် ပြည်သူများအား နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ ဆန်၊ ဆီ၊ ပဲ၊ ဆား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမတွင်ကျင်းပရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်တို့က နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ ပေးအပ်သည့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာ တိုက်ပွဲရှောင်ပြည်သူများကိုယ်စား ပြည်သူ (၂)ဦးက လက်ခံရယူကြပြီး တိုက်ပွဲရှောင်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တာဝန်ရှိသူများသည် တိုက်ပွဲရှောင်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးကာ ပြည်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါအခမ်းအနားတွင် ဒက္ခိဏခရိုင်အတွင်းရှိ မြို့နယ်များသို့ အခြားဒေသများမှ တိုက်ပွဲရှောင်ကာ လာရောက်နေထိုင်ကြသည့် အိပ်ထောင်စု (၁၀၅)စုအတွက် နေပြည်တော် တိုင်းစစ်ဌာနချုပ်မှ စုစုပေါင်းတန်ဖိုး(၃၇၆၉၅၀၀)ကျပ် တန်ဖိုးရှိ ဆန်၊ ဆီ၊ ပဲ၊ ဆား ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဖြိုး(ပြန်/ဆက်)