ပျဉ်းမနား ဇွန် ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ စိုက်သိပ္ပံ(ပျဉ်းမနား)စမ်းသပ်စိုက်ကွင်းတွင် ပြောင်းစိုက်တောင်သူများနှင့် စိုက်သိပ္ပံကျောင်းမှ ကျောင်းသား/ကျောင်းသူများအား Inter Row Rotary Cultivator စက်ဖြင့် အစေ့ထုတ်ပြောင်းကြားပေါင်းလိုက်ခြင်း လက်တွေ့သရုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီတွင် ကျင်းပသည်။
အဆိုပါသရုပ်ပြပွဲတွင် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများက ကြားပေါင်းလိုက်ကိရိယာ Inter Row Rotary Cultivator စက်ဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်ကုန်သက်သာခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ လူလုပ် အားလျော့ချနိုင်ခြင်း၊ သွင်းအားစုဓါတ်မြေဩဇာကိုပါ တစ်ခါတည်းထည့်သွင်းနိုင်ခြင်း၊ ပေါင်းရှင်းလင်းခြင်းအပြင် ဘောင်လုံးနိုင်ခြင်းတို့ကိုပါ ဆေင်ရွက်နိုင်မှာဖြစ်သည့်အတွက် အားသာချက်များစွာရှိကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် ပြောင်းသီးနှံအား စက်ဖြင့်မျိုးစေ့ချ စိုက်ပျိုးခြင်း၊ ပေါင်းရှင်းလင်းခြင်း၊ အပင်ပြုစုပျိုးထောင်ခြင်းနှင့် ရိတ်သိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်ပစ္စည်းဆိုင်ရာအကူအညီများအတွက် ပျဉ်းမနားမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနသို့ ချိတ်ဆက်၍ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)