“လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန(၂၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်”

မူဆယ် ဇွန် ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန (၂၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို မူဆယ်ခရိုင် စုပေါင်းရုံးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁၃:၃၀ အချိန်က ကျင်းပသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန(၂၇)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ယမန်နေ့နံနက်ပိုင်းက မူဆယ်ခရိုင်ဦးစီးမှူး ဦးရဲရင့်ထွန်းက ဦးဆောင်၍ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများကစုပေါင်း၍ လွယ်တိန်ခမ်းကျောင်းတိုက်၌ သံဃာတော်များအား လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်သည်။

ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ “ပန်းခင်း”စီမံချက်ဖြင့် မူဆယ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်အနားကျင်းပသည်။ အခမ်းအနားတွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မူဆယ်ခရိုင်လဝက ဦးစီးမှူး ဦးရဲရင့်ထွန်းက ဝန်ကြီးဌာနဖြစ်ပေါ်လာပုံနှင့် ဝန်ကြီးဌာနမှ လက်ရှိဆောင်ရွက်ပေးလျက်ရှိသည်များကို ရှင်းလင်းဆွေးနွေးရာတွင် “မူဆယ်ခရိုင်အနေဖြင့် ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်သည့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီးဖြစ်ပါသည်။ ဝန်ကြီးဌာနအနေနဲ့ မြေပြင်လူဦးရေစာရင်း ကောက်ယူရရှိပြီး လဝကရဲ့ အိမ်ထောင်စုလူဦးရေစာရင်းကို UEC က ပြုစုပြီးရရှိလာတဲ့စာရင်းအရ ကိုင်ဆောင်လက်မှတ်မရရှိသေးသူများနဲ့ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်အတွင်း အသက်(၁၈)နှစ်ပြည့်မည့်သူများ ကိုင်ဆောင်လက်မှတ်ရရှိရေးကို “ပန်ခင်း”စီမံချက်ကာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ရှေ့ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ဆောင်ရွက်ရန်၊ ပြည်သူများ၏ နိုင်ငံသားကိုယ်ရေးအချက်အလက်များကို e-ID မှတ်ပုံတင်စနစ်ဖြင့် ဆောင်ရွက်ခြင်း (Unique Iderdity)စနစ်၂၀၂၃ခုနှစ်၊ ဩဂုတ်လ)အထိ၊ ဆက်လက်‌ဆောင်ရွက်မည့် အစီအမံများရေးဆွဲခြင်းများ ဆောင်ရွက်ရမှာဖြစ်ပါတယ်” စသည့်အကြောင်းအရာများကို ရှင်းလင်းသည်။

ထို့နောက် (၂၇)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်အမှတ်အဖြစ် ၂၀၂၂ခုနှစ်၊ မေလမှ ဇွန်လ (၁၃)ရက်အထိ “ပန်းခင်း” စီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၆၈)ကတ်အား တာဝန်ရှိသူများက ပြည်သူတစ်ဦးချင်း လက်ဝယ်အရောက်ပေးအပ်ရာ ဒေသခံတိုင်းရင်းသားများက လက်ခံရယူပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ခံရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ချယ်ရီမြေ(မူဆယ်)