မိုးမိတ် ဇွန် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် ခရိုင်အမျိုးသမီးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည် ၁ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၂၀၁၈ ခုနှစ်က အသစ်ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ ခရိုင်အမျိုးသမီးကော်မတီအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ အသက်အရွယ်မရွေး အမျိုးသမီးအားလုံး လွတ်လပ်ခွင့်နှင့် ခံစားပိုင်ခွင့်ရှိတဲ့ အမျိုးသမီးအခွင့်အရေးများ၊ အမျိုးသမီးများ ကဏ္ဍတိုင်းမှာပါဝင်ခွင့်ရရှိရေးကို အမျိုးသမီးများကိုယ်တိုင်ကြိုးစားရမှာဖြစ်ကြောင်းနှင့် အမျိုးသမီးကော်မတီမှ ပံ့ပိုးကူညီဆောင်ရွက် ပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ အမျိုးသမီးကော်မတီအတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သန္တာလတ်က အမျိုးသမီးကော်မတီ၏ လုပ်ငန်းတာဝန် (၁၇) ရပ်ကို တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသောအဖွဲ့ဝင်များက အမျိုးသမီးကဏ္ဍတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရသည်။
ဦးစည်သူဌေး (ဓါတ်ပုံကျွမ်းကျင်-၂)