ဒဂုံမြောက် ဇွန် ၁၆
မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ခြင်မှဖြစ်ပွားတတ်သော ကူးစက်ရောဂါများ မဖြစ်ပွားစေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် တစ်အိမ်တက်ဆင်း အဘိတ်ဆေး ခပ်ပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက (၁၆) ရပ်ကွက်နှင့် (၂၈) ရပ်ကွက်တို့အတွင်း နေအိမ်များ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ နေအိမ်များရှိ ရေစည်ရေကန်များသို့ အဘိတ်ဆေးခပ်ခြင်းနှင့် ပတ်သက်၍ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးမှလည်း “ယခုလို မိမိတို့ ရပ်ကွက်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး ရပ်ကွက်အတွင်း နေထိုင်သူများစုပေါင်းကာ ရေစည်၊ ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ သန့်ရှင်းရေးများ ဆောင်ရွက်ပေးခြင်းဖြင့် မိုးရာသီမှာဖြစ်ပွားတတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနည်းလမ်းတွေဖြစ်တဲ့ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းစဉ်တွေကို အိမ်ရှင်၊ အိမ်ငှားမခွဲခြားဘဲ နေထိုင်သူများ ကိုယ်တိုင်ပူးပေါင်း ပါဝင်ဆောင်ရွက် သွားရင်ပိုပြီး ထိရောက်မှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။
မြင့်မြင့်ရီ