ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်/စာစောင်များငှားရမ်းပေး

ကော့မှူး ဇွန် ၁၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဌာနဆိုင်ရာရုံးများမှဝန်ထမ်းများ အားလပ်သောအချိန်တွင် စာပေနှင့်မဝေးကွာစေရေး၊ စာအုပ်စာပေများလေ့လာ ဖတ်ရှုတက်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီက တောင်ပိုင်းရပ်ကွက် မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် စာအုပ်များငှားရမ်းပေးနေကြသည်။

ထိုသို့ငှားရမ်းပေးခြင်းကြောင့် ဌာနဆိုင်ရာများအနေဖြင့် အလုပ်တာဝန်များမအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် စာအုပ်စာစောင်‌များကို ရုံး/ဌာနများအရောက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် တစ်ဦးလျှင် ၂ အုပ်နှုန်း စာပေဝါသနာရှင်များအဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရုံးများအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာများနှင့်ပြည်သူများ လက်ဝယ်အရောက်ဖတ်ရှုနိုင်စေရန်၊ အသိပညာဗဟုသုတများစွာရရှိစေရန် သုတ/ရသ၊ ဝတ္တု၊ မဂ္ဂဇင်း၊ ရုပ်ပြများပါရှိပြီး ငှားရမ်းပေးထားသောစာအုပ်များကို ရက်သတ္တပတ်နှစ်ပတ်လျှင် စာအုပ်အသစ်များဖြင့် ပြန်လည်ငှားရမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)