နမ့်ဆန်၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးပြုလုပ်

နမ့်ဆန် စက်တင်ဘာ ၇

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီက္ကဋ္ဌ ဦးအောင်ကျော်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်နန္ဒာလင်း က ပြောကြားရာတွင် “ကလေးသူငယ်များရဲ့ အဓိကအခွင့်အရေး (၄)ရပ် ဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက် ပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ပိုင်ခွင့်နှင့် သူတို့ အခွင့် အရေးများကို ရရှိအောင်ကူညီဆောင်ရွက်ခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနက ကလေးတွေကိုပြုစုစောင့်ရှောက်တဲ့နေရာတွင် စနစ်တကျရှိစေရန် (ECCD) မူကြိုဆရာမဖြစ် သင်တန်းများဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက် ပေးထား ပြီးတော့ အစိုးရ အနေနဲ့လည်း မူကြိုကျောင်းတွေဖွင့်လှစ် ပေးထား တယ် မူကြိုကျောင်းမှာဆိုရင် ကလေး တွေ အတွက် နေ့လည်စာ၊ အာဟာရဖြစ်စေမယ့် ဖြည့်စွက်စာကို ထောက်ပံ့ ပေးထား တာရှိပါတယ်။ လူမှု ဝန်ထမ်းဦးစီးဌာနက အထူးစောင့်ရှောက်မှုလိုအပ်တဲ့ ကလေးတွေ၊ မိဘမရှိတဲ့ကလေးတွေ၊ တောင်းရမ်း စားသောက်နေတဲ့ ကလေးတွေ၊ ဆိုးသွမ်းနေတဲ့မိဘတွေရဲ့ ဆုံးမမှုအောက်ကို ရောက်ရှိနေတဲ့ကလေးတွေကို အခါအားလျော်စွာ သူတို့ဘဝတိုးတက်ဖို့ သင်တန်းကျောင်းတွေကို ပို့ဆောင်ပေးတယ် သင်တန်း ကျောင်း ကနေပြီး သူသို့တွေကို အသက်မွေးဝမ်းကျောင်းပညာတွေ၊ အတန်းပညာတွေ သင်ကြားပေးတာ ရှိပါတယ်။ အဲဒီသင်တန်း ကျောင်းမှာ နေစရိတ်၊ စားစရိတ်ကအစ လူမှုဝန်ထမ်းဦးစီးဌာက ကျခံပေးတယ်လို့ ရှင်းလင်းတင်ပြခဲ့ပါသည်။

ယင်းနောက် တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များတို့က ကလေးသူငယ် အခွင့်အရေး ဆိုင်ရာနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို အကြံပြုဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ နမ့်ဆန်မြိုနယ်အတွင်းမှာရှိသည့် မသန်စွမ်းသူများ၊ ဧပြီလမှစ၍ မွေးဖွားပြီး (၂)နှစ်အောက်အထိ ကလေးငယ်များကို စာရင်းကောက်ယူပြီး ထောက်ပံ့မှု အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)