နမ္မတူမြို့နယ် အမှတ် (၈)အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်

နမ္မတူ ဇွန် ၁၅

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့်သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က အမှတ်(၈) အခြေခံပညာမူလတန်းလွန် ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က ကျောင်းသား/ကျောင်းသူလေးများ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရေးအတွက် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမျာရေးဆိုးကျိုးများ၊ စီးပွားရေးဆိုးကျိုးများ၊ လူမှုရေးဆိုးကျိုးများနှင့် ဥပဒေအရအရေးယူခံရနိုင်သည်များအား ရှင်းလင်းဟောပြော ခဲ့သည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်က မိုးကြိုးဘေး၊ မြေပြိုဘေး၊ ရေဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ၊ လိုက်နာဆောင်ရွက်ရမည်အချက်များအား ကျောင်းသား/ ကျောင်းသူလေးများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လိုက်နာဆောင်ရွက်နိုင်စေရေး အသိပညာပေးဟောပြောခဲ့ပြီး ဌာနမှထုတ်ဝေသည့် ဘေးအန္တရာယ်(၈)မျိုးဆိုင်ရာ ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်ထံက သိရသည်။

လူမော်(ပြန်/ဆက်)