ရှမ်းရွာသစ် ဇွန် ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအ ကြောင်းသိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “ရွှေရောင်လွှမ်းတဲ့အခွင့်အလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးရဲလင်းနောင်မှစာဖတ်ခြင်းမှရရှိသည့် အသိပညာဗဟုသုတများကို သိရှိစေရန်အတွက် ပြုလုပ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးသည့်အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုဆွေးနွေးသည့်စာအုပ်သည် လူငယ်များအနေဖြင့် ဖတ်သင့်သည့်စာအုပ်ကောင်းလေးတစ်အုပ်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ (Book Club)အဖွဲ့ဝင်များက “ရွှေရောင်လွှမ်းတဲ့အခွင့်အလမ်း” စာအုပ်တွင်ပါရှိသည့် နားရှင်းပါစေ၊ သင့်အတွေးဟာသင်ပါပဲ၊ အောင်မြင်ချင်တယ်ဆိုရင်၊ ရွှေရောင်လွှမ်းတဲ့အခွင့်အလမ်း ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)