မူဆယ် ဇွန် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမအတွင်း နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲတို့ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ပြုလုပ်ရာတွင် နံရံကပ်စာစောင်တွင် ပြသထားသော နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ သဘောတူစာချုပ်ဆောင်ရွက်ခဲ့သော မှတ်တမ်းများ၊ ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့သော အစည်းအဝေးမှတ်တမ်းဓာတ်ပုံများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးသရုပ်ဖော်ဓာတ်ပုံများနှင့် ကြိုတင်ပြင်ဆင်ရမည့်ဆောင်ပုဒ်များ၊ စာအုပ်စာစောင်ပြပွဲတွင်လည်း အများသူစိတ်ဝင်စားဖွယ် စာအုပ်များကို ပြသထားခဲ့ရာ တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများမှလည်း စာအုပ်များစိတ်ဝင်တစား ဖတ်ရှုလေ့လာခြင်းနှင့် စာအုပ်များဌားရမ်းခဲ့ကြောင်း သိရသည်။ ထို့နောက် ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ဦးစီးမှူးဦးအယ်လ်စိုးထန်တူးက ဗဟုသုတရရှိစေမည့် အကြောင်းအရာများကို ပြောကြားခဲ့ရာ တက်ရောက်လာသူများနှင့်လည်း အမေးအဖြေပြုလုပ်ခဲ့ပြီး စုစုပေါင်းတက်ရောက်သူ(၃၄)ဦးရှိကြောင်း သိရသည်။ ဆက်လက်ပြီး မူဆယ်ခရိုင်ရှိ ဝန်ထမ်းများက လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇင်မောင်(မူဆယ်)