မင်္ဂလာဒုံမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ စာအုပ်များ ခင်းကျင်းပြသ

ရန်ကုန် ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့၌ ၂၀၂၂ခု နှစ်၊ ဇွန်လ ၂၆ ရက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြသခြင်း၊ ပုံတူပန်းချီပြိုင်ပွဲနှင့် စာအုပ်ပြပွဲတို့ကို ယနေ့ နံနက် (၉) နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မြတ်မွန်ခင်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပြိုင်ပွဲများကျင်းပရ​ခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးသည် တစ်မျိုးသားလုံး၏ အဓိကရန်သူဖြစ်ကြောင်း၊  မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများကို ငယ်စဉ်ကပင်နားလည်သိရှိပြီး ရှောင်ရှားတတ်စေရန်၊ မူးယစ်အန္တရာယ်အ​ကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍  မိသားစုအခြေပြု မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေး လုပ်ငန်းလမ်းညွှန်စာအုပ်ပါ အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများက စာဖတ်စွမ်းရည် ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ပြီး ပြသထားသည့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များကို ​​လေ့လာကြည့်ရှု မှတ်သားခဲ့ကြသည်။

ထို့နောက် မူးယစ်ဆေးဝါးရှောင်ကြဉ်ရေး ပုံတူပန်းချီပြိုင်ပွဲရေးဆွဲခြင်း၊ စာပေအသိပညာ ဗဟုသုတများ မြင့်မားလာစေရန်အတွက် စာအုပ်များ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ပြီး သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးအရာရှိ ဒေါ်မြတ်မွန်ခင် က ပြန်လည်ရှင်းလင်းပြောကြားကာ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများကို အအေးနှင့်မုန့်ကျွေးမွေး၍ ဆုလက်ဆောင်များ ပေးအပ်ခဲ့ ကြောင်း သိရသည်။

မြတ်သူဇာ (မင်္ဂလာဒုံ )