ကြာအင်းဆိပ်ကြီး ဇွန် ၁၄
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ရပ်ကွက်/ ကျေးရွာအုပ်စု/ကျေးရွာများရှိ မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအား ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ အကျုံးဝင်သူများအား တစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး ပြည်သူများအားလုံးထိုးနှံနိုင်စေရေးအတွက် အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိရာ ပထမဦးစားပေးအဖြင့် အသက်(၁၈)နှစ်အထက် ရဟန်းသံဃာတော်များ သာသနာ့ဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များအား ထိုးနှံပေးခဲ့ပြီး ယင်းနောက် မိဘပြည်သူများနှင့် ကျောင်းနေအရွယ်ကလေးငယ်များအား စဉ်ဆက်မပြတ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျက်ရှိရာ၌ ကရင်ပြည်နယ်ကော့ကရိတ်ရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းအချိန်က ကာကွယ်ဆေးအကြိမ်ရေပြည့်ထိုးနှံရန်ကျန်ရှိသေးသည့်နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များနှင့် အသက်(၅)နှစ်မှ(၁၂)နှစ်ကြားကျောင်းနေအရွယ်ကလေးငယ်များအား အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဇမိခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ ကြီးကြပ်စီမံ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ အနီးကပ်ကြီးကြပ်လျက် သူနာပြု ဆရာ၊ဆရာမများ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျစီမံဆောင်ရွက်၍ ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများအား အသက် (၁၈) နှစ် အထက်၊ အသက်(၁၂)နှစ်အထက် ကျောင်းနေအရွယ်ကလေးများ၊ အသက်(၁၅)နှစ်မှ (၁၈)နှစ်ကြားပြည်သူများ၊ အသက်(၅)နှစ်မှ(၁၂)နှစ်ကြား ကျောင်းနေအရွယ်ကလေးငယ်များနှင့် အသက်(၅)နှစ်မှ (၁၅)နှစ်ကြား ကျောင်းနေပြင်ပကလေးများအား ထိုးနှံပေးလျက်ရှိရာ မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခွင့်အကျုံးဝင်သူဦးရေ (၁၇၇၂၉၀) ဦးရှိပြီး၊ ၂၀၂၂ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့အထိ လူဦးရေစုစုပေါင်း(၅၂၉၂၆)ဦး၊ ၄၅.၁၀ % ရာခိုင်နှုန်း ထိုးနှံပေးနိုင်ခဲ့ ပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးများကို အသက်(၁၈)နှစ်အထက် ထိုးနှံခွင့်အကျုံးဝင်သူ (၁၅၈၂၃၇)ဦးရှိပြီး မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၄)စု၊ ကျေးရွာပေါင်း (၂၄၃)ရွာမှ မိဘပြည်သူ (၁၁၀၂၁၆) ဦးမှာ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ထိုးနှံပေးနိုင်ခြင်းမရှိသေးကြောင်းနှင့် မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံပေးနိုင်မှု ထိုးနှံပြီးစီးမှုမှာ ၁၀၀•၅၀ % ရာခိုင်နှုန်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် မိဘပြည်သူများအားလုံး ဆက်လက်ထိုးနှံနိုင်စေရေးအတွက် တာဝန်ရှိသူများမှ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးမင်းဦး