ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာခိုင်မင်း (နေပြည်တော်) ရေးသားထားသည့် “ပြိုကွဲစအသိုက်အမြုံများ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်

ဇမ္ဗူသီရိ ဇွန် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက စာရေးဆရာခိုင်မင်း(နေပြည်တော်)ရေးသားထားသည့် “ပြိုကွဲစအသိုက်အမြုံများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီလာစိုးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင် စာရေးဆရာများဖြစ်ကြသည့် စာ‌ရေးဆရာ ခိုင်မင်း(နေပြည်တော်)က ကိုယ်တိုင်ဆွေးနွေးခဲ့ပြီး စာရေးဆရာ ဟန်ညွန့်(ယဉ်ကျေးမှု)၊ စာရေးဆရာ(သဘာဝ)၊ စာရေးဆရာကျော်လွင် (မှော်ဝန်း)၊ စာရေးဆရာ အောင်ဆွေထက် (ချွေးမြို့တော်)၊ စာရေးဆရာ နွေး(သရက်)၊ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)၊ စာရေးဆရာကိုလင်း (အညာမြေ)၊ စာရေးဆရာမ လုံမငယ်(လူမှု) နှင့် စာပေဝါသနာရှင်များက စာရေးဆရာခိုင်မင်း(နေပြည်တော်) ရေးသားသည့် “ပြိုကွဲစအသိုက်အမြုံများ”  စာအုပ်ပါ အကြောင်းအရာများဖြစ်ကြသည့် သားတို့ရဲ့အမေ၊ အဖေခေါ်ခွင့်သားခေါ်ခွင့်၊ မိုးခါးရေ၊ မျှော်လင့်ချက်၊ မိနစ်(၃၀)နှင့် ပြိုကွဲစအသိုက်အမြုံ စသည့် ခေါင်းစဉ်ခွဲများအလိုက် အသီးသီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ နေပြည်တော်စာပေဝိုင်းအဖွဲ့မှ စာရေးဆရာများ၊ ဇမ္ဗူသီရိမြို့နယ် (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ စုစုပေါင်း (၁၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)