မိုင်းဆတ် ဇွန် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ (ပဉ္စမအကြိမ်မြောက်) ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရုံးတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အသင်းနာယကဦးစိုင်းချစ်သောင်းက ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း စတင်ဖွဲ့စည်းခဲ့စဉ် ကျော်ဖြတ်မှုအခက်အခဲများနှင့်လူမှုကူညီရေးလုပ်ငန်းများကို အသင်းသူ/အသင်းသားများစည်းလုံး ညီညွတ်စွာဆောင်ရွက်မှုအား လေးစားဂုဏ်ယူကြောင်း အမှာစကားပြောကြားပြီး အကျိုးဆောင်ကော်မတီဥက္ကဋ္ဌ ဦးသန်းဝေက တစ်နှစ်တာလူမှုကူညီရေးလုပ်ငန်း ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ လူမှုကူညီရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသူများနှင့် အလှူရှင်များအား အသင်းနာယကဦးစိုင်းချစ်သောင်း၊ အကျိုးတော်ဆောင်ကော်မတီဥက္ကဋ္ဌ ဦးသန်းဝေနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် ဗြဟ္မစိုရ်လူမှုကူညီရေး အသင်းသူ/အသင်းသားများက လူမှုကူညီရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ အသင်းနာယကနှင့် အကျိုးတော်ဆောင်ဥက္ကဋ္ဌတို့က လူမှုကူညီရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)