ကမာရွတ်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများ ကြည့်ရှုအားပေး

ကမာရွတ် ဇွန်  ၁၄

ကမာရွတ်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် ယမန်နေ့မွန်းလွဲပိုင်း၌ အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမာရွတ်မြို့နယ်၊ လေ့ကျင့်ရေးအထက်တန်းကျောင်း(ရန်ကုန်)တွင် KG မှ Grade-7 အထိ ကျောင်းသား၊ ကျောင်းသူ(၁၂၉၉)ဦးတို့အားလည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်သူနာပြုများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ထိုးနှံပေးနေပေးလျက်ရှိရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးနေမှုများကို ကြည့်ရှု၍ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာဝန်သူနာပြုများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီး ကျောင်းနှစ်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို ကျောင်းအုပ်ဆရာမကြီးများထံ ပေးအပ်သည်။

ထို့နောက် ဝန်ကြီးချုပ်မှ ကျောင်းအုပ်ကြီးများအား ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာမှုရှိရေးနှင့် မိုးတွင်းကာလတွင်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းရောဂါနှင့် ဆက်စပ်ရောဂါများမဖြစ်ရအောင် ကြိုတင်ကာကွယ်ထားရှိရေးများနှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)