ရှမ်းရွာသစ် ဇွန် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ်ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကလေးငယ်များဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေး ခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့် တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများပြည်သူဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာ နေရာတစ်ခုအဖြစ် သိရှိစေရန်နှင့်နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအမှတ်ရစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့်ရှင်းလင်းပြောကြားပြီးနောက် ပန်းချီဆွဲပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ သားရေကွင်းကော်ပြိုင်ပွဲနှင့် ဘောလုံးဖောက်ပြိုင်ပွဲများကို ဆက်လက်ပြုလုပ်ခဲ့ရာ မူလတန်းအဆင့်ကျောင်းသား/သူ(၁၅)ဦးတို့က စိတ်ပါဝင်စားစွာပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)