မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းဆတ် ဇွန် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘက်စုံသုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေးက  အနာဂတ်လူငယ်များအား လူရည်ချွန်၊ လူရည်မွန်များစွာ ပေါ်ထွန်းလာစေရေးအတွက် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကျောင်းသင်ခန်းစာအပြင် အခြားဗဟုသုတများရရှိစေရန် စာအုပ်စာပေများ လေ့လာဖတ်ရှုစေလိုကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ဉာဏ်ရည်ထက်မြက်ပြီး အကျင့်စာရိတ္တများကောင်းမွန်ကာ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး နောင်တစ်ခေတ်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဟောပြောပွဲတက်ရောက်ကြသည့် လူငယ်များက သိရှိလိုသည်များမေးမြန်းရာ ဒုတိယဦးစီးမှူး ဒေါ်နန်းကြည်အေးက အကျယ်တဝင့်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)