တိုက်ကြီးမြို့နယ် ပိတောက်တန်းကျေးရွာတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်

တိုက်ကြီး ဇွန် ၁၄

ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏လူမှုစီးပွား ဘဝများဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် ယမန်နေ့၊ နံနက်ပိုင်းက တာခွကျေးရွာအုပ်စု၊ ပိတောက်တန်းကျေးရွာ၊ ရှမ်းတောကြီး ဘုန်းတော်ကြီးကျောင်းတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနတို့ပူးပေါင်း၍ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ ဆပ်ပြာခဲ၊ လက်သန့်ဆေးရည်၊ ရေချိုးဆပ်ပြာနှင့် ဘက်စုံသုံးဆပ်ပြာ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင်  တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီး မှူးဒေါ်စုသီတာလင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားစေရေး၊ တစ်ပိုင်တစ်နိုင် အလုပ်အကိုင် အခွင့်အလမ်းများရရှိအောင်နှင့် ဝင်ငွေများတိုးအောင် ယခုလိုသင်တန်းကိုဖွင့်လှစ် ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန အနေဖြင့်လည်း နည်းပညာများ ပံ့ပိုးပေးလျက်ရှိသလို သင်တန်းပြီးဆုံးချိန်တွင်လည်း သမဝါယမဦးစီးဌာနမှ သင်တန်းသား၊ သူများအား အလုပ်အကိုင်များကို ရှာဖွေပေးသွားမည်ဖြစ်ပါ ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး ဦးရဲဇော်ထွန်းက နည်းပညာပံ့ပိုးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီး မှူးဒေါ်စုသီတာလင်းမှ သင်ထောက်ကူ ပစ္စည်းများကိုသင်တန်းသား၊ သူများကိုယ်စား သင်တန်းသူ တစ်ဦးကိုပေးအပ်ခဲ့ကြောင်းသိရပြီး သင်တန်းသို့လည်း ကျေးရွာနေ ပြည်သူ (၁၅) ဦး တက်ရောက်ခဲ့ကြသလို သင်တန်းကာလမှာ(၅)ရက်တာ ကြာမြှင့်မည်ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)