ရန်ကင်းမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်း၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချ

ရန်ကင်း ဇွန် ၁၄

ရန်ကင်းမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ ဘူတာရုံလမ်း၊ ကံဘဲ့တာဝါရှေ့တွင် မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်း၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများကို ရပ်ကွက်နေပြည်သူများ အဆင်ပြေစွာနှင့် သက်သာစွာ ဝယ်ယူနိုင်ရန် လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

ထို့နောက် စားသုံးသူပြည်သူတစ်ဦး​​ဖြစ်သည့် ဦးမြင့်လွင်အား ယခုကဲ့သို့ ဆန်ကုန်သည်ကြီးများ အသင်း၏ အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချပေးနေမှုအပေါ် သဘောထားအမြင်အား မေးမြန်းဖြစ်ခဲ့ရာ ကျွန်တော့်အနေဖြင့် စျေးသို့သွားရောက်ဝယ်ယူရန် မလိုအပ်တော့ဘဲ အချိန်ကုန် စျေးနှုန်းသက်သာစွာနှင့် ဝယ်ယူနိုင်သည့်အတွက် ကျေနပ်မှု ရှိပါကြောင်းနှင့် စီစဉ်ပေးသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း  ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်း အကူအညီဖြင့် လိုက်လံရောင်းချပေးလျက်ရာ စျေးနှုန်း သက်သာစွာ အလွယ်တကူ ဝယ်ယူနိုင်သည့်အတွက် တာဝန်ရှိသူများအနေဖြင့်လည်း ဆောင်ရွက်ပေးရကျိုးနပ်ပါကြောင်း၊ ပြည်သူများ၏ စားဝတ်နေရေး အခက်အခဲကိုလည်း ဖြေရှင်းပေးရာရောက်သဖြင့် ကုသိုလ်များလည်းရရှိ၍ ကျေနပ်အားရမှုရှိပါကြောင်း ပြောကြားခဲ့သည်ကို သိရှိရသည်။

သို့ဖြစ်ရာ လိုက်လံရောင်းချရာတွင် အဆင်ပြေမှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ ပေါင်းစပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိသည်။

အိရွှေစင် (ပြန်/ဆက်)