မြဝတီ ဇွန် ၁၃
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဇာဖြူဝင်းက အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့ရသည့် အကြမ်းဖက်မှုအန္တရာယ်များ ပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် အသိပညာဆွေးနွေးပွဲပြုလုပ်ရခြင်းကို ရှင်းလင်းပေးပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ဥပဒေရေးရာလေ့လာရေးနှင့် အကြံပြုရေး အဖွဲ့ခေါင်းဆောင် ဒေါ်ကေခိုင်က အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းခံရနိုင်သည့် အမျိုးအစားများ၊ အမျိုးသမီးများ ကျား/မတန်းတူ အခွင့်အရေးရရှိရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင် မိမိတို့အသင်းအဖွဲ့အနေဖြင့် ဆောင်ရွက်ရသည့် အသိပညာပေးလုပ်ငန်းများကို အကျယ်တဝင့် ဆွေးနွေးသည်။
မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူလူထု အသိပညာဗဟုသုတရရှိစေရန်အတွက် ပြည်သူ့အကျိုးပြု အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတစ်ဆင့် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)