မြင်းခြံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

မြင်းခြံ ဇွန် ၁၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြင်းခြံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်သက်နွယ်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။

မြန်မာနိုင်ငံလူဦးရေ၏ (၇၀) ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုလျှော့ချစေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေခြင်း၊ အခြေခံစက်မှုလက်မှု နည်းပညာရပ်များ တိုးတက်ပြန့်ပွားစေခြင်း၊ မိသားစု အိုးမကွာအိမ်မကွာ ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်စေရန်အတွက် ဖန်တီးပေးခြင်းနှင့် အလုပ်အကိုင်များရရှိစေမည့် အသက်မွေးဝမ်းကျောင်းပညာများ နားလည်တတ်ကျွမ်းစေရေးအတွက် ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်သက်နွယ်က ပြောသည်။

အဆိုပါသင်တန်းသို့ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသူ (၁၅) ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းကို ဇွန်လ (၁၃) ရက်နေ့မှ (၂၂) ရက်နေ့အထိ (၁၀) ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)