ပျဉ်းမနား ဇွန် ၁၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်စုံ အသက်(၂၅)နှစ်အောက် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားခန်းမ၌ ဇွန်လ(၈)ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ နေပြည်တော်အတွင်းရှိမြို့နယ်များမှ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယမန်နေ့မွန်းလွဲပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ (၃)ဦးတွဲပြိုင်ပွဲ ဗိုလ်လုပွဲကို ပျဉ်းမနားမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပျဉ်းမနားမြို့နယ် အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ (၂)ဦးတွဲအသင်းလိုက်တတိယဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းအား ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကိုဦးမှ လည်းကောင်း၊ (၂)ဦးတွဲအသင်းလိုက် ဒုတိယဆုရရှိသည့် တပ်ကုန်းမြို့နယ်အသင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် မှလည်းကောင်း၊ (၂)ဦးတွဲ ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း မှလည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများကိုအသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ (၃)ဦးတွဲပြိုင်ပွဲများအတွက် ဆုချီးမြှင့်ပွဲကိုကျင်းပရာ တတိယဆုရရှိသည့် တပ်ကုန်းအသင်းအား အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး မှလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ရဲမှူးကြီး ကိုကိုလွင် မှလည်းကောင်း၊ ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုး မှလည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် နေပြည်တော်ကောင်စီမှ ချီးမြှင်ငွေကျပ် (၃)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)