ဥရုချောင်းအထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဖားကန့်မြို့ပေါ် မြေနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်

ဖားကန့် ဇွန် ၁၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်မြို့နယ်တွင် ဥရုချောင်းအထက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ နံနက်က မြို့ပေါ်မြေနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ငှက်ပျောတောရပ်ကွက်မြေနိမ့်ပိုင်း၌ ရေ (၃)ပေခွဲခန့်၊ မြို့မရပ်ကွက် ကျောက်ဝိုင်းလမ်းဆုံ၌ ရေ (၄)ပေခန့် နှင့် မရှီကထောင်ရပ်ကွက်လမ်းဆုံနေရာ၌ ရေ (၃)ပေခွဲခန့် ရေများစတင်ဝင်ရောက်လျက်ရှိသည့်အတွက် ဥရုချောင်းတစ်‌လျှောက် နေထိုင်ကြသောပြည်သူများအား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ Hand Speaker များဖြင့် လိုက်လံအသိပေးနှိုး‌ဆော်ဆောင်ရွက် လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးငြိမ်းမောင်မောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား ကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ကံဆီးကျေးရွာအထက်ဘက်တွင် ဥရုချောင်း၏ စိုးရိမ်ရေအမှတ်မှာ (၁၂)ပေဖြစ်ပြီး ယခုလက်ရှိရေမှတ်သည် (၇)ပေခွဲခန့်အထိ မြင့်တက်လျက်ရှိသည့်အတွက် ရေများ ဆက်လက် မြင့်တက်လာပါက ပြောင်းရွေ့နိုင်ရေး ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

ယခုလက်ရှိတွင် ရေများဝင်ရောက်လျက်ရှိသည့် နေအိမ်များမှ မိသားစုများသည် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွေ့နေထိုင်ခြင်းမရှိသေးဘဲ ၎င်းတို့၏ နေအိမ်အပေါ်ထပ်တွင်သာ နေထိုင် လျက်ရှိကြောင်း သိရသည်။

မိုးသန္တာဦး(ပြန်/ဆက်)