ကာမိုင်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းရေ အနည်းငယ် မြင့်တက်လာပြီး ကမ်းပါးရေတိုက်စားခြင်းနှင့် မြေနိမ့်ပိုင်းလူ‌နေအိမ်များတွင် ရေများ၀င်ရောက်

ကာမိုင်း ဇွန် ၁၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ဇွန်လ (၂) ရက်နေ့မှ ဇွန်လ (၁၂) ရက်‌ နံနက်ပိုင်းအထိ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ကာမိုင်းမြို့အနီးရှိ အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းရေအနည်း ငယ်မြင့်တက်လာပြီး ပေ (၉၀၀) တံတားရှိ ချောင်းကမ်းပါးရေတိုက်စားမှုနှင့် ကမ်းပါးပြိုကျခြင်း၊ ပေ (၃၀၀) တံတားရှိ ကြမ်းခင်းနှင့် (၅) ပေအကွာထိ ရေတက်လာသဖြင့် ချောင်းကမ်းဘေး အနိမ့်ပိုင်းရှိ လူနေအိမ်ခြံ၀န်းများအတွင်းသို့ ရေများ (၁) ပေခန့် စတင်၀င်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ချောင်းရေများသည် လူနေအိမ်များအတွင်းသို့ (၆) ပေခန့်အထိ ဆက်လက်၀င်ရောက်လာပါက ပြည်သူများအနေဖြင့် ရွှေ့ပြောင်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရေဘေးနှင့်သဘာ၀ဘေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းနှင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအား မှာကြားဆောင်ရွက်ထားပြီး ဖြစ်ကြောင်းနှင့် စိုးရိမ်ရသည့်အနေအထားသို့ မရောက်ရှိသေးကြောင်း မြို့အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လဆိုင်း (ပြန်/ဆက်)