မချမ်းဘော့မြို့၌ လယ်ယာမြေသို့ လယ်ရေရောက်ရှိစေရေး ကွင်းဆင်းဆောင်ရွက်ပေး

မချမ်းဘော့ ဇွန် ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးစပါးစိုက်ရာသီ လယ်ရေရရှိရေး လယ်ရေသောက်မြောင်းမကြီးပေါ်သို့ တောင်ကမ်းပါးယံပြိုကျမှု ဖြစ်ပွားခဲ့သဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယမန်နေ့ ‌နံနက် ၁၁နာရီ၌  မြေပြင်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လယ်ရေသောက်မြောင်းမကြီးမှာ မချမ်းဘော့မြို့ ရပ်ကွက်(၃)ရှိ OSS စိုက်ကွင်းအမှတ်(၂/၃/၄)တွင် တည်ရှိပြီး တောင်သူ (၂၁)ဦး ပိုင်ဆိုင်သည့် လယ်ယာမြေ(၃၅)ဧကသို့ သွယ်တန်းဖောက်လုပ်ထားသည့် လယ်ရေသောက်မြောင်းမကြီးတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြောင်းမပေါ်ရှိ တောင်ကမ်းပါးယံမှ မြေသားများ ပြိုကျပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် ဒေသခံတောင်သူများ၏ အကူအညီတောင်းခံမှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဉာဏ်လင်းထွန်း ဦးဆောင်သည့် အဖွဲ့ဝင်များက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ကူညီပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ထို့‌နောက် လယ်ရေသောက်မြောင်းမကြီးပေါ်သို့ ကျရောက်ပိတ်ဆို့နေသည့် မြေသားနှင့် ကျောက်တုံးကြီးများမှာ လူအားနှင့်လုပ်ဆောင်ရန် ခက်ခဲမှုကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ နယ်မြေခံဆောက်လုပ်ရေး အင်ဂျင်နီယာတပ်နှင့် ဆက်သွယ်ကာ စက်ယန္တယားအကူအညီဖြင့် လယ်ရေသောက်မြောင်းအား ရေစီးရေလာကောင်းမွန်ရေး မြေသားနှင့်ကျောက်တုံးများ ဖယ်ရှားရှင်းလင်းဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်းသိရသည်။

 မချမ်းဘော့မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများတွင် လယ်ယာမြေဧက(၃၀၀၀)ကျော်အား ၂၀၂၂ခုနှစ် မိုးရာသီတွင် မိုးစပါးစိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး တောင်သူများ၏ လိုအပ်ချက်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဖြည့်စွမ်းကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သတင်းရရှိသည်။

မြို့နယ်ပြန်/ဆက်