မိုင်းယောင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၁၃၀၀၀ ပျိုးထောင်ထားရှိ

မိုင်းယောင်း  ဇွန်  ၁၂

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း ၁၃၀၀၀ ပျိုးထောင်ထားကြောင်း သိရသည်။

သစ်ပင်များ စိုက်ပျိုးခြင်းအားဖြင့် မြေဆီမြေသြဇာတိုးပွားစေပြီး အပူချိန်ထိန်းညှိပေးနိုင်ခြင်း၊ ရေလွှမ်းမိုး ထိန်းသိမ်းပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိနိုင်ရေး ၂၀၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးရန်အတွက် ကျွန်း၊ မန်ဂျန်ရှား၊ ခရေမဟော်ဂနီနှင့် ငုရွှေဝါ စုစုပေါင်းပျိုးပင် ၁၃၀၀၀ အား သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါပျိုးပင်များအား တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ အဖွဲ့အစည်းများသို့ စုစုပေါင်းပျိုးပင် ၆၀၀၀ ကျော် အခမဲ့ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း၊ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန် ပျိုးပင်လိုအပ်နေသူများအနေနှင့် အမှတ်(၈)ရပ်ကွက်ရှိ မြို့နယ်သစ်တောဦးစီးဌာနတွင် အခမဲ့သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း