ပျဉ်းမနား ဇွန် ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ပြည်သူ့စာကြည့်တိုက်များအခန်းကဏ္ဍ မြှင့်တင်နိုင်ရေးနှင့် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍမြှင့်မားရေးအတွက် သမားရိုးကျစာကြည့်တိုက်လုပ်ငန်းစနစ်မှ Digital Library စနစ်သို့ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး ဖွင့်လှစ်ခဲ့သည့် e-Library Management System Software အသုံးပြု နည်းသင်တန်း (၂/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုး က “ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)အနေဖြင့် e-Library Management System Software ရေးဆွဲအသုံးပြုနိုင်ရေးအတွက် အချိန်ယူစီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိအချိန်တွင် ခရိုင်နှင့် မြို့နယ်များမှာရှိတဲ့ ပြည်သူ့စာကြည့်တိုက်များမှာ စာကြည့်တိုက် လုပ်ငန်းကိုတာဝန်ယူဆောင်ရွက်နေကြသည့် ဝန်ထမ်းများအား e-Library Management System Software အသုံးပြုနည်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ပါကြောင်း၊ သမားရိုးကျစနစ်ဖြင့် ယခင်ကလုပ်ကိုင်ဆောင်ရွက်ခဲ့ကြတဲ့ စာအုပ်စာစောင်များ မှတ်ပုံတင်ခြင်း၊ ကတ်တလောက်ရေးသွင်းခြင်း၊ စာအုပ်စာစောင်ငှားရမ်းခြင်းလုပ်ငန်းတွေကို Software အသုံးပြု ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ e-Library Management System Software ကို အသုံးပြုခြင်း အားဖြင့် သက်ဆိုင်ရာရုံးများအလိုက် စာကြည့်တိုက်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေမှုကို ဦးစီးဌာန(ရုံးချုပ်)အနေဖြင့်လည်း Software အသုံးပြု စောင့်ကြည့် ကြီးကြပ်နိုင်မှာဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားခဲ့ရသည့်ပညာရပ်များကို လက်တွေ့လုပ်ငန်းတွင် ထိရောက်စွာအသုံးချကြရမှာဖြစ်သလို မိမိရုံးရှိ အခြားဝန်ထမ်းများကိုလည်း ပြန်လည်မျှဝေဆောင်ရွက်ပေး ကြရန်လိုကြောင်း’’ သင်တန်း ဆင်းအမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်စိုးက သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ရာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားခေါင်းဆောင်က လက်ခံရယူသည်။
အဆိုပါသင်တန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စာကြည့်တိုက်လုပ်ငန်းလုပ်ဆောင်နေကြသည့် ဝန်ထမ်း(၃၀)ဦးတို့တက်ရောက်ခဲ့ကြပြီး ဇွန်လ(၆)ရက်နေ့မှ(၁၀)ရက်နေ့အထိ e-Library Management System Software အသုံးပြုနည်း ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်မင်းလွင်(ပြန်/ဆက်)