လိပ်သို ဇွန် ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် သစ်တောဦးစီးဌာနသည် ဒေသတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေသာယာလှပစေရန်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအနေဖြင့် သစ်ပင်ပျိုးပင်များကို အခမဲ့စိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ လိပ်သိုမြို့ မီးခတ်ချောင်း ယာယီပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိသော ပျဉ်းကတိုး (၇၀၀၀)၊ ကျွန်း (၇၀၀၀)၊ မန်ဂျာရှား (၁၅၀၀၀)၊ မဟော်ဂနီ (၃၀၀၀) စသည့်ပျိုးပင်ပေါင်း (၃၂၀၀၀) အား ယမန်နေ့နံနက်ပိုင်းက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါပျိုးပင်များကို လိပ်သိုမြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် သံတောင်ကြီးမြို့နယ် သစ်တောဦးစီးဌာနမှ တောခေါင်းဦးသက်စိုးအောင်တို့က မြို့ပေါ် (၆) ရပ်ကွက်နှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများ၊ ဌာနဆိုင်ရာများ၊ ဝန်ထမ်းများအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး လိပ်သိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းတွင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
လိပ်သို(ပြန်/ဆက်)