လယ်ဝေးမြို့နယ်အတွင်းရှိ (၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသားကျောင်းသူ(၂၈၀၈၃)ဦး အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးပြီး

လယ်ဝေး ဇွန် ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ တွင် (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသားကျောင်းသူများအား ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်များတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိပြီး ယမန်နေ့အထိ ကျောင်းသားကျောင်းသူ(၂၈၀၈၃)ဦးအား ကာကွယ်ဆေးထိုးနှံပေးပြီး ဖြစ်သည်။

လယ်ဝေးမြို့နယ်အတွင်း ကျောင်းသားကျောင်းသူလေးများ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ပြီး ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူ(၂၆၉၂၂)ဦး၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများတွင်(၁၈၂)ဦးနှင့် ကိုယ်ပိုင်ကျောင်းများတွင်(၉၀)ဦး ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းလျာထားသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ အခြေခံပညာကျောင်းများတွင် လျာထားချက်ထက်(၁၉၉)ဦးပို၍ (၂၇၃၉၃)ဦး၊ ဘုန်းတော်ကြီးသင်ကျောင်းများတွင် လျာထားချက်ထက် (၆၀၀)ပါးပို၍ (၆၉၀)ပါးထိုးနှံပြီးစီးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ရာခိုင်နှုန်းအားဖြင့်(၁၀၃.၂၆)ရာခိုင်နှုန်း ထိုးနှံပြီးစီးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ (၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေး ဆရာ၊ဆရာမများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမများနှင့် ကျောင်းသားမိဘများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။၊

မြို့နယ်(ပြန်/ဆက်)