ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကော့ကရိတ်ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ဘားအံ ဇွန် ၁၀

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ကော့ကရိတ်မြို့၊ ဒေါနခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲဖြစ်ပေါ်လာရသည့်အခြေအနေ၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် အကောင်အထည်ဖော်နေမှုအခြေအနေ၊ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ကော့ကရိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဒေသဆိုင်ရာအချက်အလက်များ၊ ဒေသတွင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကော့ကရိတ်မြို့နယ်၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ရန်ပုံငွေကျပ်သိန်း(၁၀၀၀)ကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က လုံခြုံရေးတာဝန်များထမ်းဆောင်နေသော တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်သည် ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမ၌ အသက်(၅)နှစ်မှ(၁၂)နှစ်ထိကျောင်းသား၊ ကျောင်းသူ ၃၅၀ ဦး၊ (၁၂)နှစ်နှင့်အထက်  ၁၃၁ ဦး တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများနှင့် ငွေကျပ် (၃)သိန်းကို ကျောင်းအုပ်ဆရာမကြီးထံလည်းကောင်း၊ ကာကွယ်ဆေးထိုးနှံပေးသောကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/မများနှင့် Volunteers များအား ငွေကျပ်(၃)သိန်းကို လည်းကောင်း ထောက်ပံ့ပေးအပ်ကာ ကျောင်းဆောင်သစ်နှင့် ဆရာ/မ၊ ကျောင်းသား/သူများ၏ အေးချမ်းစွာပညာသင်ကြားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိန္ဒု-ကော့ကရိတ်လမ်း(126.5 KM) နေရာ၌ လမ်းအသုံးပြုခကောက်ခံရေးဂိတ်(Toll Gate) တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)