တွံတေး ဇွန်လ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင် တည်တံ့ကောင်းမွန်ရေး၊ သစ်တော သစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေး အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှကာကွယ်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ခလုပ်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာတာဝန်ရှိသူများထံသို့ စိုက်ပျိုးသွားမည့် ပျိုးပင် များကို မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်မြင့်က ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ကျွန်း(၂၅)ပင်၊ ပျဉ်းကတိုး(၂၅)ပင်၊ ပိတောက်(၂၅)ပင်၊ မဟောဂနီ(၂၅)ပင်၊ မအူ(၂၅)ပင်၊ မန်ဂျန်ရှား(၂၅)ပင်၊ ကံကော်(၂၅)၊ မဲဇလီ(၂၅)နှင့် ခရေ(၂၅)ပင် စုစုပေါင်း ပျိုးပင်(၂၂၅)ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
တွံတေးသား