ကျောက်မဲခရိုင်၊ Community Centre ခန်းမ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်

ကျောက်မဲ ဇွန် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များအကြောင်း ခေါင်းစဉ်ဖြင့်  အသိပညာပေး  Talk Show ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး  ကျောက်မဲခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးသန့်က စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုတွေနဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့အစည်း၏ စံသတ်မှတ်ချက်များ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုဖြစ်စေမည့် ကုန်စည်များ(သို့) ဝန်ဆောင်မှုများရောင်းချခြင်းမှ ရှောင်ကျဉ်ရမည့်ကိစ္စများ အစရှိသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများဗဟုသုတ ရရှိစေရန်ရည်ရွယ်ပြီး ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့် ချိတ်ဆက်၍ အသိပညာ‌ပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်းနှင့်  အဆိုပါ ဆွေးနွေးချက် ရုပ်သံအပြည့်အစုံတို့ကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် Page တွင်လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)