တကောင်းမြို့၊ ပြည်သူ့စာကြည့်တိုက်တွင် စိတ်ကြိုက်ပန်းချီဆွဲနည်းပြိုင်ပွဲပြုလုပ်

တကောင်း ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်သီရိအောင်က ပြိုင်ပွဲများကျင်းပရခြင်းမှာ ကလေးငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်စေရန် ရည်ရွယ်ကြောင်းရှင်းလင်း ပြောကြားခဲ့ပြီး စိတ်ကြိုက်ပန်းချီဆွဲနည်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ လူငယ်များ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်ရည်ရွယ်၍ ကဗျာရွတ်ခြင်း၊ ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ပန်းချီဆွဲခြင်း၊ ဉာဏ်စမ်းဂိမ်းကစားခြင်းနှင့် အခြားအသိပညာပေး အစီအစဉ်များအား အစဉ်မပြတ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သီရိအောင် (တကောင်း)