ပျဉ်းမနား ဇွန် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီတွင် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “စိတ်ရောင်စုံ အလှပိုင်ရှင်မြန်မာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် “စိတ်ရောင်စုံအလှပိုင်ရှင်မြန်မာ” စာအုပ်ပါ အကြောင်းအရာများကို မိတ်ဆက်ရှင်းလင်း ပြောကြားသည်။
ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် ပျဉ်းမနားမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာများဖြစ်ကြသည့် ဒေါ်သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)၊ မေချို(ပျဉ်းမနား)၊ ဦးမောင်မောင်တာ (သဘာဝ)၊ ခိုင်မင်း(နေပြည်တော်)နှင့် တက်ရောက်လာကြသည့် Book Club အဖွဲ့ဝင်များက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “စိတ်ရောင်စုံအလှပိုင်ရှင်မြန်မာ” စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် ကျေးဇူးသိတတ်သောမြန်မာ၊ ဖော်ရွေရိုင်းပင်းသောမြန်မာ၊ သည်းခံခွင့်လွှတ်တတ်သောမြန်မာ၊ အစဉ်အလာကိုတန်ဖိုးထားသောမြန်မာနှင့် လှူဒါန်းပေးကမ်းလိုစိတ်ထက်သန်သောမြန်မာ စသည့် ခေါင်းစဉ်ခွဲများအလိုက် အသီးသီးဆွေးနွေးကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများရရှိစေရန်အတွက် အသိပညာပေး အစီအစဉ်များနှင့် စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
ဇော်မင်းလွင်(မြို့နယ်ပြန်/ဆက်)