ရန်ကင်း ဇွန် ၈
ရန်ကင်းမြို့နယ်တွင် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရနိကာယ်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁ နာရီက အမှတ် (၁၄) ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းစေတီတော်ဝန်းအတွင်းရှိ မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစိုးရနိကာယ်စာမေးပွဲတွင် သံဃာတော်နှင့် သီလရှင်အပါး (၁၀၅) ပါးရှိပြီး လာရောက်ဖြေဆို သံဃာတော်နှင့် သီလရှင်အပါး (၆၅) ပါးတို့သည် ပါရာဇိကပါဠိ၊ သီလက္စန္စဝဂ္ဂပါဠိ၊ ဧကကမှစတုက္ကနိတထိ၊ ဓမ္မသင်္ဂဏီပါဠိ ဘာသာရပ်များကို ဖြေဆိုခဲ့ကြောင်း မြို့နယ်သံဃနာယကအဖွဲ့မှ သိရသည်။
ဗုဒ္ဓသာသနာတော်အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ထိုစာမေးပွဲများကို ကျင်းပပေးရခြင်းဖြစ်ပြီး၊ အမျိုး၊ ဘာသာ၊ သာသနာကို သက်ဝင်ယုံ ကြည်စေရန်နှင့် ဘာသာတရား၏ အဆုံးအမကို နားလည်သိရှိနိုင်စေရန် ဘာသာ၊ သာသနာကို တန်ဖိုးထားမြတ်နိုးတတ်စေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ဆရာတော်ကြီးများထံမှ သိရသည်။
ထိုနောက် သံဃာတော်များနှင့် သီလရှင်များ အေးချမ်းစွာစာမေးပွဲဖြေဆို နိုင်ရေးအတွက် ဦးစီးကော်မတီ နာယကအဖွဲ့ သြဝါဒစရိယ ဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့နာယကအဖွဲ့ ဆရာတော်များ၊ နိကာယ်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ပရဟိတအဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များဖြင့် စာဖြေသံဃာများအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှလည်း စာဖြေသံဃာများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရသည်။
အိရွှေစင် ( ပြန်/ဆက် )