လားရှိုးမြို့နယ်ထွက် လိုက်ချီး(စ်)သီးများ ဈေးကွက်အတွင်း ရောင်းအားကောင်းနေပြီး နယ်မြေဒေသစုံသို့ ပို့ဆောင်ရောင်းချ

လားရှိုး ဇွန် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော လိုက်ချီးစ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိနေပြီး ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်းတွင် လိုက်ချီးစ်သီးများကို နောင်မွန်၊ အီနိုင်း၊ နမ့်ပေါင်၊ စဉ့်အင် ကျေးရွာများဘက်တွင် အများအပြားစိုက်ပျိုးကြပြီး နယ်မြေဒေသစုံသို့ ပို့ဆောင်ရောင်းချနေရကြောင်း သိရသည်။

ဒီတစ်နှစ်က လိုက်ချီးစ်သီးတွေ ဈေးကောင်းရတယ်လို့ဆိုရမယ်။ အရင်နှစ်ထက် ဈေးပိုရတယ်။ အသီးအထွက်နှုန်းလည်းကောင်းတယ်။ နောက်ပြီး ဝယ်တဲ့ဒေသတွေကလည်းစုံတယ်။ ဈေးကွက်ကတော့ မြန်မာပြည်အနှံ့ကို ပို့ပြီးရောင်းချနေရတယ်ဟု နောင်မွန်ကျေးရွာရှိ လိုက်ချီးစ် စိုက်ပျိုးရောင်းချသူ တစ်ဦးကပြောသည်။

လားရှိုးဒေသထွက် လိုက်ချီးစ်သီးများကို ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ တောင်ကြီး၊ လောက်ကိုင်၊ မူဆယ်မြို့များသို့ အဓိကတင်ပို့ ရောင်းချကြကြောင်း သိရသည်။

ယခုနှစ်အတွင်း လားရှိုးမြို့တွင် လိုက်ချီးစ်သီးဈေးနှုန်းမှာ ပြင်ပပေါက်ဈေးအနေဖြင့် တစ်ပိဿာလျှင် သုံးထောင်ငါးရာကျပ်မှ ငါးထောင်ကျပ်ထိ ဈေးရှိနေပြီး လိုက်ချီးစ်ခြံတွင် သွားရောက်ဝယ်ယူပါက တစ်ပိဿာ နှစ်ထောင်ကျပ်ဈေးရှိကြောင်း သိရသည်။

လားရှိုးမြို့နယ်အတွင်းရှိ လိုက်ချီးစ်ခြံများသို့ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးများမှ ဒေသခံအများအပြား လာရောက်ကာ နေ့စား ဝန်ထမ်းများ အဖြစ်လာရောက် လုပ်ကိုင်ကြသူများပြားနေပြီး တစ်ရက်လျှင် လုပ်အားခတစ်သောင်းကျပ် ရရှိကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)