သီပေါမြို့နယ်အခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား   ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး

သီပေါ ဇွန် ၈

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြပါစို့”ဆိုသည့်ဆောင်ပုဒ်အတိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အတွင်းရှိအခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ယနေ့ နံနက်ပိုင်းက သတ်မှတ်ထားသော အခြေခံပညာကျောင်းများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးမထိုးနှံမီကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးပြီး မိနစ်(၃၀)ခန့်နားနေစေ၍ စောင့်ကြည့်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ဆရာ၊ ဆရာမ များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုထိုးနှံပေးသောဆေးအမျိုးအစားမှာ Sinopharm အမျိုးအစားဖြစ်ကြောင်း၊ မိဘအုပ်ထိန်းသူများ၏ သဘောတူခွင့်ပြုချက်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ဇွန်လ ၃၀ ရက်နေ့တွင် ဒုတိယအကြိမ်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ  အသက်(၅)နှစ်မှ အသက်(၁၂)အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန်အကျုံးဝင်သူ ကျောင်းသား၊ ကျောင်းသူဦးရေ (၁၆၇၁၃)ဦးရှိပြီး ဇွန်လ (၇) ရက်နေ့အထိ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံပြီးသူ(၁၇၃၂)ဦး၊ ထိုးနှံရန်ကျန်ရှိသူ(၁၄၉၈၁)ဦး ရှိကြောင်းနှင့် ကျန်ရှိနေသောကျောင်းသား၊ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)