လက်ပန်ကျေးရွာနှင့် ရဲမွန်ကျေးရွာတို့တွင် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကွင်းဆင်းထိုးနှံပေး

လှည်းကူး ဇွန်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက လှည်းကူးမြို့နယ်၊ လက်ပန်ကျေးရွာအခြေခံပညာမူလတန်းကျောင်း၊ ကောက်ကွေ့ကျေးရွာအခြေခံပညာ မူလတန်းလွန်ကျောင်းနှင့် ရဲမွန်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်းခွဲတို့တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ နှာခေါင်းစည်းများစနစ်တကျတပ်ဆင်စေခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား မိနစ်(၃၀)ခန့်အနားယူစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

လှည်းကူးမြို့နယ်၊ လက်ပန်ကျေးရွာတွင် အသက်(၅)နှစ်မှ(၁၂)အထိ ကာကွယ်ဆေးထိုးရန် အကျုံးဝင်သည့် ကျောင်းသား၊ ကျောင်းသူ(၃၁)ဦး၊ ကောက်ကွေ့ကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူ(၄၄)ဦး၊ ရဲမွန်ကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူ(၄၆၄)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၅၃၉)ဦး ထိုးနှံပေးခဲ့ပြီးအကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများအား ဇူလိုင်လ(၇)ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)