မိုးရာသစ်သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် ကျောက်မဲမြို့နယ် သစ်တောဦးစီးဌာနမှ  ၂ ပေအထက် ပျိုးပင်ပေါင်း ၂ သောင်းကျော် အခမဲ့ဖြန့်ဝေထားပြီးဖြစ်

ကျောက်မဲ ဇွန် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ယခုနှစ် မိုးရာသီကာလ အတွင်း ပြည်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်ရန်အတွက်ရည်ရွယ်၍ လူထုဖြန့်နှစ်ရှည်သီးပင်စားပင်နှင့် သစ်တောသစ်ပင်ပျိုးပင်ပေါင်း ၄ သောင်းကျော်ပျိုးထောင်ထားရှိပြီး  တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူလူထုများအား ယခုနှစ်မိုးရာသီအတွင်း စိုက်ပျိုးရန် ၂ ပေအထက်ရှိ ပျိုးပင်ပေါင်း ၂ သောင်းကျော် ဖြန့်ဝေထားပြီးကြောင်းသိရသည်။

အဆိုပါ ကျောက်မဲမြို့နယ်၊ သစ်တောဦးစီးဌာနရှိ ပျိုးဥယာဉ်တွင် သစ်တောသစ်ပင်များဖြစ်သည့် ပိတောက်၊ ကျွန်း၊ ရေသင်းဝင်၊ ယမနေ၊ ပျဉ်းကတိုး၊ မယ်ဇလီ၊ ရေပိတုံး၊ ကံ့ကော်၊ စိန်ပန်းနီ၊ ခါတော်မှီ၊ ပိတောက် စသည့်အပင်‌  ၄၅၀၀၀ ပင်ကိုလည်းကောင်း၊   နှစ်ရှည်သီးပင်စားပင် အနေဖြင့် ပိန္နဲ၊ သရက်၊ ဒညင်း၊ ထောပတ် အပင်ပေါင်း ၂၀၀၀ ပင်ကိုလည်းကောင်း  ပျိုးထောင်ထားရှိကြောင်း သိရသည်။

ယင်းပျိုး‌ထောင် ထားရှိသည့် အပင်များကို ဇွန်လမှစ၍ ဖြန့်ဝေပေးနေပြီဖြစ်ပြီး စိုက်ပျိုးလိုသည့် ဌာနဆိုင်ရာများနှင့် လူထုများအနေဖြင့် သစ်တောဦးစီးဌာနသို့ဆက်သွယ်၍ အခမဲ့သွားရောက်ရယူနိုင်ပြီဖြစ်ကြောင်း ကျောက်မဲမြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)