ပေါက်တောမြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံ

ပေါက်တော ဇွန် ၇

"ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့" ဆို  သည့်ဆောင်ပုဒ်အတိုင်း ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ကို ယနေ့ နံနက်ပိုင်းတွင် သတ်မှတ်ထားသော အခြေပညာကျောင်းများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက် (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား (Sinopharm) အမျိုးအစား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး၊ ဆေးထိုးနှံပြီးသည့်သူများကို မိနစ် (၃၀)ခန့် စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာ ခွင့်ပြုကြောင်း သိရသည်။

ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာပုံစံမှာ ဖြည့်သွင်းရေးခိုင်းပြီး၊ မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက်ဖြင့် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကို ယနေ့အထိ မြို့နယ်အတွင်းရှိ အသက် (၅)နှစ်မှ အသက် (၁၂)နှစ်အထိကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၉၁၀)ဦး လာရောက်ထိုးနှံပေးနိုင်ခဲ့ပြီး၊ ကျန်ရှိသော ကျောင်းသား၊ ကျောင်းသူများက သတ်မှတ်ထားသော အ​ခြေခံပညာကျောင်းများရှိ စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးကို အဆင်ပြေချောမွေ့စွာ ထိုးနှံနိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းများက ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်