ဘားအံ ဇွန် ၇
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ လှာကမြင်(ကွက်သစ်)ရှိ ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်ခြင်း တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွဲကပင်အားကစားကွင်းအဝင် ခရေ(၂)လမ်းအား ရေစီးရေလာကောင်းမွန်ရေးနှင့် နိုင်လွန်ကတ္တာရာ(AC)ခင်းနိုင်ရေး ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇွဲကပင်အားကစားကွင်း အဆင့်မြှင့်တင်ခြင်းတည်ဆောက်ရေး လုပ်ငန်းများဖြစ်သော အနောက်ဘက်ပွဲကြည့်စင် (၄၈၀ ပေ x ၆၀ ပေ)၊ တောင်ဘက်ပွဲ ကြည့်စင်(၂၈၀ ပေ x ၃၅ ပေ)၊ အရှေ့ဘက်ပွဲကြည့်စင်(၄၄၀ ပေ x ၃၅ ပေ)၊ မြောက်ဘက်ပွဲကြည့် စင်(၂၈၀ ပေ x ၃၅ ပေ)၊ မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းခြင်း အစရှိသော တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)