ဘားအံ ဇွန် ၇
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပညာရေးဝန်ကြီးဌာနမှ KNU/KNLA(PC) ဌာနချုပ်ထို့ကော်ကိုးဒေသရှိ ကျောင်းသား/သူများအတွက် ပုံနှိပ်စာအုပ်နှင့်ကျောင်းသုံးဗလာစာအုပ်များ ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ငြိမ်းချမ်းရေးမရှိလျှင် အစစအရာရာနောက်ကျ ကျန်နေမည်ဖြစ်သည့် အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အတူတကွလက်တွဲ၍ ထာဝရငြိမ်းချမ်းရေးရရှိသည်ထိ ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးအဖွဲ့များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အတတ်နိုင်ဆုံးဝိုင်းဝန်းကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ အနာဂတ်၏ရင်သွေးငယ်များ ပညာရေးတွင် ထူးချွန်ထက်မြတ်၍ နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်စေရန် ဝိုင်းဝန်းပံ့ပိုးပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က KNU/KNLA(PC)ဌာနချုပ် ထို့ကော်ကိုးနှင့်ပတ်ဝန်းကျင်ဒေသရှိ အခြေခံပညာစာသင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များကိုလည်းကောင်း၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်က ကျောင်းသုံးဗလာစာအုပ်များကိုလည်းကောင်း ထောက်ပံ့ပေးအပ်ရာ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA(PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။
ယနေ့အခမ်းအနားတွင် ဗလာစာအုပ်ဒါဇင်(၁၅၀၀)နှင့် KG တန်းမှ Grade 10 ထိ ကျောင်းသုံး ပုံနှိပ်စာအုပ် ၅၃၀၃ စုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)