ဟိုပန် ဇွန် ၇
ကျောင်းနေအရွယ် ကလေးသူငယ်များ ကျန်းမာ ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ယနေ့နံနက်(၉)နာရီအချိန်က အထက(ဟိုပန်)နှင့် အထက(ခွဲ)ရွှေဝါ စသည့်ဆေးထိုးစုရပ်နှစ်နေရာ၌စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာ၌ ဟိုပန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်က ဉီးဆောင် ကြီးကြပ်၍ ကော်မတီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့များ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းများ၊ ကျောင်းသားမိဘ အုပ်ထိန်းသူများနှင့် ဆရာ/ဆရာမများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြမည့် ကလေးသူငယ် ကျောင်းသား/သူ များအား ဆေးမထိုးနှံမီ ကိုယ်ပူချိန်တိုင်းတာခြင်း၊ လက်သန့်စင်စေခြင်း၊ စာရင်းအချက် အလက်များကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ပေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ ဝိုင်းဝန်းပူပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြပြီး သက်ဆိုင်ရာဆေးထိုးအဖွဲ့များဖြစ်သည့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို သတ်မှတ်ထားသည့်နေ့ရက်အလိုက် ဆေးထိုးစုရပ်များဖြစ်သည့် အခြေခံပညာကျောင်းများသို့ ဆက်လက်ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)