ပုဗ္ဗသီရိ ဇွန် ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှူး၍ တိရစ္ဆာန်ကျန်းမာရေးလုပ်သားသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံးတွင် ယနေ့နံနက် (၉)နာရီ တွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းမှ အမှာစကား ပြောကြားရာ၌ “မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံချက်အရ မွေးမြူရေးဇုန်များ စနစ်တကျအကောင်အထည်ဖော်ပြီး မွေးမြူထုတ်လုပ်ရေး၊ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်းများ၏ စီးပွားဖြစ်မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်ပိုင်တစ်နိုင် လွှတ်ကျောင်းမွေးမြူသောစနစ်မှ တိရစ္ဆာန်အစာပင်များစိုက်ပျိုး၍ ခြံလှောင်မွေးစနစ် ကျင့်သုံးလာစေရေးတို့အပြင် တိရစ္ဆာန်ရောဂါ ကာကွယ် ထိန်းချုပ်ခြင်း၊ မေထုန်မဲ့သားစပ်နည်းဖြင့် ဈေးကွက်ဝင် အထွက်နှုန်းကောင်းမွန်သောမျိုးများ ပိုမိုထုတ်လုပ်မွေးမြူလာစေခြင်း၊ အစုအဖွဲ့ဖြင့် မွေးမြူထုတ်လုပ်ပြီး ဈေးကွက်ခိုင်မာအောင် တည်ဆောက်ခြင်းစသည့် လုပ်ငန်းစီမံချက်များဖြင့် အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ မွေးမြူထုတ်လုပ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ကျေးရွာများအရောက် ပိုမိုထိရောက်စွာ ပံ့ပိုးဆောင်ရွက်ပေးနိုင်ရန်အတွက် တိရိစ္ဆာန် ကျန်းမာရေးလုပ်သားများအား လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်ကြောင်း၊ တိရစ္ဆာန် ကျန်းမာရေးလုပ်သားများအနေဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မိမိတို့ ရပ်ရွာဒေသရှိ မွေးမြူထုတ်လုပ်မှုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် သွားစေလိုကြောင်း” ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသောသင်တန်းသားများကလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါသင်တန်းကို စာတွေ့၊ လက်တွေ့(၅)လကြာသင်ကြားပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်အသီးသီးမှ သင်တန်းသား (၁၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)