သာစည် ဇွန် ၃
မန္တလေးတိုင်ဒေသကြီး၊ သာစည်မြို့နယ်တွင် ကျောင်းသား/သူများကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန်အသက် ၅ နှစ်မှ ၁၂နှစ်အတွင်းကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအကြိမ်ကို ဇွန် ၃ ရက်က အခြေခံပညာကျောင်းများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဇွန် ၂ ရက်နေ့က စတင်၍ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့ ၉ ဖွဲ့ဖြင့် ထိုးနှံပေးလျက်ရှိရာ ယနေ့အချိန်ထိ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူ ၁၆၆၅ ဦး ထိုးနှံပြီးဖြစ်ကြောင်းနှင့် အသက် ၁၂ နှစ်အထက် ကျန်ရှိနေသော ကျောင်းသား/သူများကိုလည်း ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိရာ ၄၅ ဦး ထိုးနှံပြီးဖြစ်ကြောင်းသိရသည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သာစည်မြို့နယ်တွင်အခြေခံပညာကျောင်း ၂၁၁ ကျောင်း၊ ဘုန်းတော်ကြီးပညာရေးကျောင်း ၇ ကျောင်းနှင့်ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတို့ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူပေါင်း လျာထားဦးရေ ၂၅၀၀၀ ကျော်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)