ပင်လောင်းမြို့နယ်အတွင်း အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းသီးနှံအဖြစ် ကော်ဖီ (၈၃.၈)ဧက စိုက်ပျိုး

နောင်တရား  ဇွန် ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းလေးအုပ်စုအတွင်း အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းသီးနှံအဖြစ် ကော်ဖီပင် (၈၃.၈)ဧကကို ယနေ့နံနက်ပိုင်းတွင် လွယ်မော ကျေးရွာအုပ်စု၊ မိုးနဲကျေးရွာ၌ တောင်သူတစ်ဦး၏ခြံတွင် စတင်စိုက်ပျိုးလျက်ရှိသည်။

စီမံကိန်းတောင်ပေါ်ကျေးရွာအချို့တွင် တစ်ဖက်တစ်လှမ်းမှ ဝင်ငွေရရှိစေရန်အတွက် နှစ်ရှည်ပင်များဖြစ်သည့် ကော်ဖီပင်ပျိုးပင်များဖြစ်သော Cattura-P၊ Geisha၊  Bourbon၊ Cattura-G၊ Catimor တို့ကို ပင်လောင်းမြို့နယ် လွယ်မောကျေးရွာအုပ်စု မိုးနဲရှမ်းကျေးရွာ၊ ကွေ့တောင်ကျေးရွာ၊ ထီဂနိုင်ကျေးရွာနှင့် စိန်ပန်းကျေးရွာများတွင် စတင်စိုက်ပျိုးလျက်ရှိသည်။

အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းလေးအုပ်စုများဖြစ်သည့် လွယ်မောကျေးရွာအုပ်စု အိမ်ခြေ (၁၈၅)အိမ်၊  ပင်ခင်းကျေးရွာအုပ်စု အိမ်ခြေ (၁၀၈)အိမ်၊ ပေါ့အင်ကျေးရွာအုပ်စု အိမ်ခြေ (၁၉၃)အိမ်နှင့် မွှေးပြင်ကျေးရွာအုစ်စုအိမ်ခြေ(၅၉)အိမ် အတွင်းရှိ တောင်သူ (၉၆)ဦး၏ စိုက်ပျိုးရေးခြံ (၁၁၉)ခြံ၊ စုစုပေါင်း (၈၃.၈)ဧကကို ကော်ဖီပင်များစိုက်ပျိုးရန် လျက်ထားဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင် မယ်ဖားလုံဖောင်ဒေးရှင်း ဝန်ထမ်းများနှင့် ဒေသခံများက မိုးနဲကျေးရွာတွင် တောင်ပေါ်ခြံတွင် စတင်စိုက်ပျိုးပြီး  နောင်တရားမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းက ကြည့်ရူအားပေး သည်။

အဆိုပါ ကျေးရွာအုပ်စုများအတွင်းမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် တစ်ဖက်ပိတ် ရေလှောင်ကန်၊ မွေးမြူရေး၊ ကုန်ထုတ်လမ်း၊ တန်ဖိုးမြှင့်ထုတ်ကုန်သင်တန်းများနှင့် နှစ်ရှည်ပင်များစိုက်ပျိုးခြင်း စသည်တို့ကိုဆောင်ရွက်ခဲ့ပြီး အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ ရေရှည်တည့်တံ့ရေးအတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဖားလုံဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)