သိန္နီမြို့နယ်တွင် မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

သိန္နီ      ဇွန်       ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီ အချိန်က မိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက်  အသိပညာပေးဟောပြောပွဲကို သိန္နီမြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် သိန္နီမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးဝင်းကိုကိုက မိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက် သံသယဖြစ်ဖွယ်ပစ္စည်းများ၊ အထုပ်များကို ကိုင်တွယ်ခြင်းမပြုကြရန်၊ ကြိုတင်အကြောင်းကြားထားခြင်း မရှိသည့် ပါဆယ်ထုပ်များနှင့် ကိုယ်တိုင်လာရောက်ပို့ဆောင်ခြင်းမဟုတ်သည့် ပါဆယ်ထုပ်များ၊ အလေးချိန်ပုံမှန်မဟုတ်သည့် ပါဆယ်ထုပ်များနှင့် အမည်၊လိပ်စာမှားယွင်းနေသည့် ပါဆယ်ထုတ်များအား သတိပြုကြရန်နှင့် သံသယဖြစ်ဖွယ်ရာတွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်သို့ အကြောင်းကြားကြရန်လိုအပ်ကြောင်း၊ သတိပြုရမည့်အချက်များ၊ ရှောင်လွဲရမည့်အချက်များအား ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

စောဥမ္မာ(သိန္နီ)