သိန္နီ ဇွန် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာ၌ အန္တရာယ်ကင်းရှင်းစွာ အသုံးပြုတတ်စေရန် ရည်ရွယ်၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သိန္နီမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ဟောပြောပွဲတွင် လျှပ်စစ်နှင့်စွမ်းဝန်ကြီးဌာန မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးစီးအရာရှိ ဦးဇော်မျိုးထက်က အိမ်သုံးလျှပ်စစ်ပစ္စည်းများအား ရေစိုနေသောလက်၊ရေစိုနေသော အဝတ် အစားများဝတ်လျက် ကိုင်တွယ်အသုံးပြုခြင်းများမပြုလုပ်ရန်၊ အရည်အသွေးကောင်းမွန်သော လျှပ်စစ်ပစ္စည်းများကို ရွေးချယ်အသုံးပြုရန်၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို ကလေးငယ်များနှင့် လက်လှမ်းမီသည့်နေရာများတွင် တပ်ဆင်အသုံးမပြုရန်၊ ဓါတ်အားလိုင်းကြိုးများပြတ်ကျနေခြင်း၊ လျော့ကျနေခြင်း၊ ဓါတ်အားလိုင်းကြိုးများအပေါ်သို့ သစ်ပင်/သစ်ကိုင်းများလဲကျ၊ ကျိုးကျနေခြင်းများ တွေ့ရှိပါက ကိုင်တွယ်ခြင်းမပြုဘဲ လျှပ်စစ်ရုံးသို့ အကြောင်းကြားရန်၊ လျှပ်စစ်ဟူသည် သုံးတတ်လျှင် အချိန်ကုန် လူပင်ပန်းမှု သက်သာ၍ အသုံးမပြုတတ်ပါက လွန်စွာအန္တရာယ်ကြီးမားကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ်သတိပေး လက်ကမ်းစာစောင်များကို ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
စောဥမ္မာ(သိန္နီ)