ရပ်စောက်မြို့နယ်ဆင်သေကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ

ရပ်စောက်        ဇွန်   ၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ရန် လိုအပ်သောငွေအရင်းအနှီးများ ရရှိစေရန်စသည့် ရည်ရွယ်ချက်များဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မြင်တောင်ကျေးရွာအုပ်စု၊ ဆင်သေကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဇော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က မြစိမ်းရောင် ကျေးရွာစီမံကိန်း အကြောင်းအရာများ၊ စီမံကိန်းရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာမှ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ကဏ္ဍာအလိုက် ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ကျေးရွာသူကျေးရွာသားများက ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်ခုနှစ်ဦးကို အများသဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဖွဲ့စည်းခြင်း အခမ်းအနားသို့ ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်အဆင့်မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)