သုံးခွ ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများရှိ အသက် ၅ နှစ်မှ ၁၂နှစ်အတွင်း ကျောင်းသား/သူများအား ပထမအကြိမ် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀နာရီအချိန်က အ.ထ.က (၁)၊ အ.ထ.က (၂) စာသင်ကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်၀င်းသန်းနှင့် ကျန်းမာရေး ဆရာ၊ ဆရာမများက ကျောင်းသား/သူလေးများအား ကာကွယ်ဆေးမထိုးမီ ကျန်းမာရေး အသိပညာပေးခြင်းများ ဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံနိုင်သည့် ကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ သုံးခွမြို့နယ်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ စုစုပေါင်း (၁၅၂) ကျောင်းရှိ ကျောင်းသား/သူများကို ကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်ပြီး ယနေ့တွင် အ.ထ.က ၁၊ အ.ထ.က ၂ ကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/သူများအား ကာကွယ်ဆေးများ စတင်ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ကျောင်းများမှ ကျောင်းသား/သူများကို သက်ဆိုင်ရာ ကျောင်းများအလိုက် ကျန်းမာရေး ၀န်ထမ်းများက ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသား/သူလေးများကို ယခုထိုးနှံပေးတဲ့ Sinopharm ကာကွယ်ဆေး အမျိုးအစားဟာ ယုံကြည်စိတ်ချရတဲ့အတွက် ယခုအသက် ၅နှစ်မှ ၁၂နှစ်အတွင်း ကျောင်းသား/သူများကို စာသင်ကျောင်းများ စတင်ဖွင့်တဲ့နေ့မှာပဲ ထိုးနှံပေးခြင်း ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် ကာကွယ် ဆေးထိုးနှံခြင်းကို ဇူလိုင်လတွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေးမှူး အဆင့် ၁ ဦးအောင်ဇော်ထက်ထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့၀င်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်နှင့် တာ၀န်ရှိသူတို့က လှည့်လည်ကြည့်ရှု၍ အာပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
စည်သူလင်း